ဘေဘီပိစိလေးတွေ စိတ်ဖိစီးတတ်လား
လူကြီးတွေပဲ စိတ်ဖိစီးတာ၊ ကလေးတွေက အပူအပင် ကင်းတယ် ဆိုတာ တကယ်ရော မှန်ရဲ့လား? ဒါဆို ကလေးတွေက စိတ်မဖိစီးတတ်ဘူးလား? ဆိုတာကို အဖြေထုတ်ကြည့်အောင်နော်။
ကလေးလေးတွေ စိတ်ဖိစီးတတ်လား? ဆိုတော့ စိတ်ဖိစီးတတ်ပါတယ်။ ကလေးတွေက လသားအရွယ်လောက်မှာတင် စိတ်ဖိစီးတာကို ခံစားသိရှိကြပါတယ်။ ကလေးက ပက်လက်အရွယ်ပဲ ရှိသေးပေမယ့် အမေ့ကို မျက်စိရှေ့မတွေ့လို့ စိတ်ဖိစိးတာ၊ နို့ဆာလို့၊ မန်းမန်းဆာလို့ စိတ်ဖိစီးတာကို ခံစားရနိုင်ပါတယ်။
ဒီလိုကနေ အရွယ်လေး ရောက်လာချိန်မှာလည်း တစ်နေ့တာ ကြုံတွေ့ရတဲ့ အဆင်မပြေမှုတွေအပေါ် စိတ်ဖိစီးတာကို ခံစားရနိုင်ပါသေးတယ်။ ကျောင်းနေအရွယ်မှာ သူငယ်ချင်းတွေနဲ့ အဆင်မပြေတာ၊ ကျောင်းစာတွေ မလိုက်နိုင်တာ စတာတွေကြောင့်လည်း ကလေးမှာ စိတ်ဖိစီးနိုင်ပါတယ်။
ဒါတွေအပြင် မိသားစုဝင်တွေနဲ့ သူတို့လေးတွေကိုယ်တိုင်အကြားက ဆက်ဆံရေး၊ မိသားစုဝင်အချင်းချင်း အထူးသဖြင့် မေမေနဲ့ ဖေဖေ ဆက်ဆံရေး မကောင်းတာကြောင့်လည်း ကလေးမှာ စိတ်ဖိစီးနိုင်ပါတယ်။
ကလေးလေးတိုင်း စိတ်ဖိစီးနိုင်လား?
ကလေးလေးတွေက စိတ်ဖိစီးတတ်တယ်ဆိုပေမယ့် ကလေးလေးတိုင်း စိတ်ဖိစီးနေတာတော့ မဟုတ်ပါဘူး။ လေ့လာမှုရလဒ်အရတော့ ကလေးလေးတွေ ၈ ဦးမှာ ၁ ဦးလောက်က စိတ်ဖိစီးစရာ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒီလို စိတ်ဖိစီးနေတာကို ချက်ချင်းဖြေရှင်းပေးဖို့ လိုပါမယ်။ ကလေးက စိတ်ဖိစီးနေတာကို အမှုမဲ့အမှတ်မဲ့ ထားလိုက်မယ်ဆိုရင် ကလေးရဲ့ ပေါင်းသင်းဆက်ဆံမှု၊ အိပ်စက်မှုနဲ့ ကလေးရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထိခိုက်လာစေနိုင်ပါတယ်။
မိသားစုရဲ့ နွေးထွေးမှု မရတဲ့ ကလေးလေးတွေက စိတ်ဖိစီးမှုကို ပိုခံစားကြရပါတယ်။
ကလေးလေးက စိတ်ဖိစီးနေတာလား?
ကလေးလေးမှာ အခုလို လက္ခဏာတွေ တွေ့ရမယ်ဆိုရင်တော့ ကလေးလေးက စိတ်ဖိစီးနေတာပါ။
- စိုးထိတ်စရာ အခြေအနေ တစ်ခုခု ကြုံလာရရင် ဗိုက်အောင့်တာ၊ နာတာ
- စိတ်လှုပ်ရှား လွယ်တာ
- သူစိမ်းတွေကို ကြောက်တာ
- တစ်ယောက်တည်း ခပ်ခွာခွာနေတာ
- အငြိမ်မနေနိုင်တာ (အာရုံမစိုက်နိုင်တာ)
- ကိစ္စသေးသေးဖွဲဖွဲလေးတွေကိုတောင် ထိခိုက်ခံစားတာ
- တစ်ခုခုဆို တုံ့ပြန်မှုနှေးတာ
- ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေတဲ့ အပြုအမူတွေ လုပ်တာ
- အရာရာတိုင်းကို ပြီးပြည့်စုံအောင် လုပ်ဆောင်တာမျိုးတွေပါ ( အမှားအယွင်းမရှိအောင် လုပ်ဆောင်တာမျိုးပါ)။
စိတ်ဖိစီးမှုက ထိခိုက်စေပါတယ်
စိတ်ဖိစီးမှုက ကလေးမို့ လူကြီးတွေလိုတော့ ပြင်းထန်မှာ မဟုတ်ဘူးလို့ တွေးနေလား? ဒါဆိုရင်တော့ အတွေးကို ပြင်ဆင်သင့်ပါပြီ။ စိတ်ဖိစီးတာက လူကြီးတွေကိုတင် ထိခိုက်စေတာ မဟုတ်ပါဘူး။ ကလေးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒီလို ထိခိုက်မှုက ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်စေတာပါ။
စိတ်ဖိစီးမှုကို ယာယီ ခံစားရတာက ကြီးကြီးမားမား မထိခိုက်ပေမယ့် ကာလရှည်ကြာ စိတ်ဖိစီးဒဏ်ကို ခံရတဲ့အခါ ကလေးလေးတွေမှာ
- ဖျားနာလွယ်တာ
- ကိုယ်ခံအားကျတာ
- ကြီးထွားဖွံ့ဖြိုးမှု နှေးတာ
- ဦးနှောက်ဖွံ့ဖြိုးမှု နှေးတာ
- သင်ယူနိုင်စွမ်း ထိခိုက်တာ
- ပြဿနာဖြေရှင်းနိုင်စွမ်း ထိခိုက်တာ
- ရန်လိုတတ်တာတွေကို ခံစားရနိုင်ပါတယ်။
ကလေးတွေက စိတ်ဖိစီးတတ်ပေမယ့် မိဘတွေက နွေးထွေးကြင်နာစွာနဲ့ ဂရုစိုက် စောင့်ရှောက်ပေးတာက ကလေးကို ကျန်းမာထက်မြက်တဲ့ ကလေးလေးအဖြစ် အရွယ်ရောက်လာစေမှာပါ။ ကလေးနဲ့ ခံစားချက်တွေကို မျှဝေပေးတာ၊ နားထောင်ပေးတာကလည်း ကလေးကို ဖိစီးမှု ကင်းစေမယ့် နည်းလမ်းကောင်းတွေပါ။
ရေးသားသူ - မွန်မွန်